ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ
(၂၀၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥပဒေ အမှတ် ၅။)
(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်)
၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၊ အခန်း (၁၁)
အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း
၆၅။ ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း အဆောက်အအုံများဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရမည်။
(က) စည်ပင်သာယာရေးလုပ်ငန်းများအတွက် လိုအပ်သောအဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊
စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း၊
(ခ) အဆောက်အအုံများကို စည်းကမ်းချက်များသတ်မှတ်၍ ဆောက်လုပ်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ ဆောက် လုပ်ပြီးစီးပါက သတ်မှတ်
ထားသည့် စည်းကမ်းချက်များနှင့် ညီညွှတ်မှု ရှိ မရှိ စိစစ်ပြီး အဆောက်အအုံ ပြီးစီးကြောင်း၊ လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ နေထိုင်ခွင့်
ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ဂ) အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းပြုရာတွင် ရေမြောင်းများကို သတ်မှတ်ချက်များနှင့်အညီ ကော်မတီပိုင်ရေမြောင်းမကြီးနှင့်
ဆက်သွယ်ဖောက်လုပ်စေခြင်း၊
(ဃ) စက်ရုံ။ အလုပ်ရုံ၊ အဆောက်အအုံနှင့် မြေပေါ်မှ စီးဆင်းသည့် ရေကြောင့် အများပြည်သူအား ကျန်းမာရေးနှင့် သန့်ရှင်းရေးထိခိုက်မှုမရှိစေရန်၊
သက်ဆိုင်ရာလမ်းများနှင့် အခြားပစ္စည်းများကို ထိခိုက်ပျက်စီးခြင်းမရှိစေရန်နှင့် ရေစီး ရေလာကောင်းမွန်ရန် ရေတံလျှောက်၊ ရေဆင်းပိုက်၊ ရေမြောင်း
စသည်တို့ကို ပြုလုပ်စေခြင်း သို့မဟုတ် ပြုပြင်စေခြင်း၊
(င) အများပြည်သူအတွက် နေအိမ်အဆောက်အအုံများ၊ အခန်းများ၊ စုပေါင်းပိုင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် တစ်နည်း
နည်းဖြင့် နေထိုင်ခွင့် ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်း၊
(စ) ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုခန်းများအား ဆောက်လုပ်ခွင့်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း၊
(ဆ) မသန်စွမ်းသူများ အလွယ်တကူအဆင်ပြေစွာ သွားလာရေးအတွက် အများပြည်သူအသုံးပြုသော အဆောက်အအုံ များ၊ လမ်းများနှင့်
နေရာများကို ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်သော အစီအမံများချမှတ်ဆောင်ရွက် ခြင်း၊
(ဇ) လမ်းအမည် သတ်မှတ်ခြင်းနှင့် အဆောက်အအုံအမှတ် သတ်မှတ်ခြင်း၊
(ဈ) အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများတွင် အတားအဆီးများ၊ မလွတ်မကင်း အန္တရာယ်ရှိသောအရာများနှင့် အဆောက်အအုံများမှ စွန်းထွက်
သောအရာများကို ဖယ်ရှားစေခြင်းနှင့် ဖယ်ရှားခြင်း၊
(ည) မြို့တော်အင်္ဂါရပ်နှင့် ညီညွှတ်စေရဣ် အဆောက်အအုံများနှင့် ဝင်းခြံများကို သစ်ပင်၊ ချုံပင်များ ရှင်းလင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သတ်မှတ်
သော ဆေးရောင်များ သုတ်စေခြင်း၊ ဝင်းမခတ်သည့် ခြံမြေကိုဝင်းခြံခတ်စေခြင်း၊ ဟောင်းနွမ်းယိုယွင်းသည့် ဝင်းခြံကို ပြုပြင်စေခြင်း၊
(ဋ) ပုဒ်မခွဲ (ည) အရ ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကို
ပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံ တောင်းဆိုခြင်း၊
(ဌ) မြို့တော်နယ်နမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန် အလို့ငှာ ကန်ထရိုက်တာ အဖြစ် မှတ်ပုံတင်လိုင်စင်ထုတ်
ပေးခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းနှင့် ဆက်နွယ်သည့် အခြားလုပ်ငန်းများကို လိုင်စင်ထုတ်ပေးခြင်း။