အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ အခန်း(၂) ၊ပုဒ်မ ၃၊၄၊၅၊၆၊၇၊၈၊၉
အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း
၃။ အလုပ်သမား ၃၀ ဦးနှင့် အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေနွေးရရှိနိုင်ရန် အလုပ်ရှင်သည်-
(က) အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) အလုပ်သမားအဖွဲ့အစည်း တစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီ၊
(၂) အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက် တူညီသည့် အလုပ်ရှင်ကိုယ်စားလှယ်များ။
(ခ) အလုပ်သမားအဖွဲ့အစည်းမရှိလျှင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် သုံးဦး၊
(၂) အလုပ်ရှင်ကိုယ်စားလှယ် သုံးဦး
၄။ (က) ပုဒ်မ ၃ အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် အလုပ်ရှင်ဘက်မှ ဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ် စေ၊ ကိုယ်စားလှယ်လစ်လပ်ပါက သက်ဆိုင်ရာဘက်မှ လိုအပ်သလို ဖြည့်စွက်ရမည်။
(ခ) ညှိနှိုင်းရေးကော်မတီ၏ သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။
၅။ ညှိနှိုင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းအကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှု အခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်။
၆။ (က) အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့တို့ ၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းရမည်။
(ခ) ညှိနှိုင်းရေးကော်မတီသည် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှု မှတ်တမ်းရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့် အညီ အစီရင်ခံစာ ပေးပို့ရမည်။
၇။ အလုပ်သမား ၃၀ ဦး မပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း မရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကိုလက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေနွေးညှိနှိုင်း ဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်းရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်း ကိုပေးပို့ရမည်။
၈။ လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေး သော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ ကိုယ်စားလှယ် များ အနေအထား လျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။
၉။ ပုဒ်မ ၆ သို့မဟုတ် ၇ အရ ဆွေးနွေးညှိနှိုင်းရာတွင်-
(က) ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက်ကို ချုပ်ဆိုပြီး သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိထ္ထူပေးပို့ရမည်။
(ခ) ပြေငြိမ်းမှုမရရှိသည့် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။
(ဂ) စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိပါက နစ်နာသူသည် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။
(ဃ) စုပေါင်းသဘောတူညီချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ရမည်။ အဆိုပါ သက်တမ်းကာလအတွင်း သဘောတူညီထားသည့် အချက်နှင့် စပ်လျဉ်း၍ ထပ်မံတောင်းဆိုခြင်း မပြုရ။