၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁၅
၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
လူမှုဖူလုံရေး နည်းဥပဒေများ
အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၃
အာမခံထားသူသည်-
(က) မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှု စတင်ဖြစ်သည့်နေ့မတိုင်မီ အနည်းဆုံး ခြောက်လ မှ စတင်၍ လုပ်ငန်းဌာနတွင်
လုပ်ကိုင်ခဲ့ပြီး အဆိုပါခြောက်လအတွင်း အနည်းဆုံး လေးလအတွက် ထည့်ဝင်ကြေးငွေပေး သွင်းပြီးမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။
(ခ) မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်တင်ပြနိုင်ပြီး အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေ ရပ်စဲခြင်းဖြစ်လျှင်
အလုပ်မလုပ်နိုင်သည့် ကာလ အတွက် ပုဒ်မခွဲ(က) ပါ သတ်မှတ်ချက်နှင့် အညီလွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းနာမှု
နှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ပတ် အထိ ခံစားခွင့်ရှိသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၄
မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားနေရသော အာမခံထားသူက အောက်ပါအကြောင်းတစ်ရပ် ရပ် ပေါ်ပေါက်သည့်အခါ လူမှုဖူလုံ
ရေးအဖွဲ့သည် အဆိုပါအကျိုးခံစားခွင့်ကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ မပေးဘဲ ရပ်ဆိုင်ထားနိုင်သည်-
(က) မိမိကိုယ်ကို မိမိ တမင် မကျန်းမာမှုဖြစ်အောင်ပြုခြင်း၊
(ခ) ပြစ်ဒဏ်ထိုင်သင့်သည့် မိမိ၏ ပြုလုပ်မှုကြောင့် မကျန်းမာခြင်း၊
(ဂ) ဆေးကုသမှုခံယူရန် သို့မဟုတ် ဆေးကုသပေးသော ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရန် ခိုင်လုံသော အကြောင်း မရှိဘဲ တမင်ပျက်ကွက်ခြင်း၊
(ဃ) မကျန်းမာမှုနှင့်သက်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ရရှိရန် လိမ်လည်၍ တောင်းဆိုခဲ့ခြင်း၊
(င) ပြန်လည်ထူထောင်ရေးကိစ္စများဆောင်ရွက်ရန် ခိုင်လုံသော အကြောင်းမရှိဘဲ တမင်ပျက်ကွက်ခြင်း၊
(စ) ပြည်ပသို့ အပြီးအပိုင်ထွက်ခွာသွားခြင်း၊
(ဆ) အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော အခြားစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ခြင်း။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၅
အာမခံထားသူအမျိုးသမီး၏ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်
အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များတွင် မည်သို့ပင်ရှိ
စေကာမူ အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် သတ်မှတ်ချက်များနှင့် အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်-
(က) ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ဆေးကုသမှု ခံယူခွင့်၊
(ခ) မီးဖွားပြီးတစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှုခံယူခွင့်
(ဂ) မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ်ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ပတ် အထိ
မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့အပြင် အမြွှာကလေးမွေးပါက မီးဖွားခွင့် ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ်လေးပတ်ကို
ဆက်လက်ခံစားခွင့်၊
(ဃ) ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်းမဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့်ကိစ္စတွင် အများဆုံး ရက်သတ္တပတ် ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ်
ခံစားခွင့်၊
(င) ကိုယ်ဝန်ဆောင်စဉ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေးပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက် နှုန်းဖြင့်အများဆုံး
ခုနှစ်ကြိမ်အထိ လုပ်ခ အပြည့်ခံစားခွင့်၊
(စ) တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့် အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေး
အတွက် ရက်သတ္တပတ် ရှစ်ပတ်ထက် မကျော်သောခွင့်ကို မွေစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါခံစားခွင့်ကာလအတွင်း
ပုဒ်မ ၂၆ပါ ပြဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ၂၇ ပုဒ်မခွဲ (က) ပါ ငွေကြေး အကျိုးခံစားခွင့်ကို ခံစားခွင့်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၆
မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ
အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစား ခွင့်ကို ခွင့် စတင်ခံစားသည့်နေ့
မတိုင်မီ သက်ဆိုင်ရာလုပ်ငန်းဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ခဲ့သူဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံး ခြောက်လအတွက်
ထည့်ဝင်ကြေးငွေ ပေးသွင်းပြီးသူဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၇
အာမခံထားသူ အမျိုးသမီးအလုပ်သမားသည် အောက်ပါတို့ကို ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်-
(က) ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ)အရ ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ် အတွင်း ပျမ်းမျှလုပ်ခ၏
၇၀ ရာခိုင်နှုန်း၊
(ခ) ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွာကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှ
လုပ်ခ တစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာကလေးသုံးဦးနှင့် အထက်မွေးပါက မီးဖွားစရိတ် အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း၊
(ဂ) ပုဒ်မ ၂၅၊ ပုဒ်မ (ဃ) ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်မျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၂၈
အာမခံထားသူ အမျိုးသားသည် ဇနီးမီးဖွားမှုအတွက် ဆေးသက်သေခံ လက်မှတ်အရ သတ်မှတ်ချက်များနှင့် အညီ အောက်ပါ ဖခင်ဘဝ အကျိုးခံ
စားခွင့်ရှိသည်-
(က) အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက်ခံစားခွင့်၊
(ခ) အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ ပုဒ်မခွဲ (က) ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့် အဖြစ် လွန်ခဲ့သော တစ်နှစ်
အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ရာခိုင်နှုန်းကို ခံစားခွင့်၊
(ဂ) အာမခံထားသူမဟုတ်သောဇနီးဖြစ်သူ မီးဖွားသည့်အခါပုဒ်မခွဲ (က)နှင့်(ခ) တို့ပါ အကျိုးခံစားခွင့်များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) ပါ မီးဖွားစရိတ်ခံ
စားခွင့်၏ ထက်ဝက်ခံစားခွင့်။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ အခန်း(၅)၊ပုဒ်မ ၅၄၊ ၅၅၊ ၅၆
လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများ
၅၄။ -
(က) အလုပ်ရှင်သည် အာမခံထားသူများအား ဆေးကုသပေးရန်၊ အာမခံထားသူနှင့် ထိုသူ သေဆုံးပြီးနောက် ကျန်ရစ် သော မှီခိုသူများအား ဥပဒေနှင့်အညီ လူမှုဖူလုံရေး အကျိုးခံစားခွင့်များပေးရန်၊ ဥပဒေအရ ဆောင်ရွက်ရမည့် အခြားလုပ်ငန်းများအတွက် ကုန်ကျသည့်စရိတ်များကို ကျခံရန် အလို့ငှာ အလုပ်ရှင်နှင့် အလုပ်သမားတို့က လူမှုဖူလုံရေး ရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများကို သတ်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများသို့ဖြစ်စေ၊ မြို့နယ်လူမှုဖူလုံရေး ရုံးများက ဖွင့်လှစ်ထားသော ဘဏ်ငွေစာရင်း သို့ဖြစ်စေ လစဉ်ပေးသွင်းရမည်။
(ခ) မိမိဆန္ဒအလျောက် အာမခံထားသူသည် သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများ ကို နည်းဥပဒေခွဲ (က) ပါအတိုင်း လစဉ်ပေးသွင်းရမည်။
၅၅။ လူမှုဖူလုံရေးစနစ်နှင့် သက်ဆိုင်သည့် လုပ်ငန်းဌာနများမှ အလုပ်ရှင်နှင့် အလုပ်သမားတို့က ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) ပါ လူမှုဖူလုံရေးရန်ပုံငွေသို့ အာမခံထားသူ၏ တစ်လအတွက် လုပ်ခဝင်ငွေအပေါ်မူတည်၍ ပေးသွင်းရမည့်ထည့်ဝင် ကြေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကျန်းမာရေးနှင့် လူမူရေးစောင့်ရှောက်မှု ရန်ပုံငွေသို့အောက်ပါအတိုင်း ပေးသွင်းရမည်-
(၁) အာမခံထားသူသည် စတင်မှတ်ပုံတင်သည့် အချိန်တွင် အသက် ၆၀ နှစ်အတွင်း ဖြစ်ပါကအလုပ်ရှင်က နှစ် ရာခိုင်နှုန်း၊ အလုပ်သမားက နှစ်ရာခိုင်နှုန်း၊ စုစုပေါင်း လေး ရာခိုင်နှုန်း၊
(၂) အာမခံထားသူသည် စတင်မှတ်ပုံတင်သည့် အချိန်တွင် အသက် ၆၀ နှစ်အထက်ဖြစ်ပါက အလုပ်ရှင်က ၂.၅.ရာခိုင်နှုန်း၊ အလုပ်သမားက ၂.၅ ရာခိုင်နှုန်း၊ စုစုပေါင်း ငါးရာခိုင်နှုန်း၊
(ခ) အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစား ခွင့်ရန်ပုံငွေသို့ အလုပ်ရှင်က သုံး ရာခိုင်နှုန်းနှင့် အလုပ်သမားက သုံး ရာခိုင်နှုန်း၊ စုစုပေါင်း ခြောက် ရာခိုင်နှုန်း၊
(ဂ) အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေသို့ အလုပ်ရှင်က တစ် ရာခိုင်နှုန်းနှင့် အလုပ်သမားက တစ် ရာခိုင်နှုန်း၊ စုစုပေါင်း နှစ် ရာခိုင်နှုန်း၊
(ဃ) လူမှုဖူလုံရေးအိမ်ရာ စီမံကိန်းရန်ပုံငွေသို့ အလုပ်သမားက အနည်းဆုံး ၂၅ ရာခိုင်နှုန်း။
၅၆။ အလုပ်ရှင်သည်-
(က) နည်းဥပဒေ ၅၅၊ နည်းဥပဒေခွဲ (က) အရ ပေးသွင်းရန် သတ်မှတ်ထားသည့် ထည့်ဝင်ကြေး နှုန်းထားများကို ဥပဒေစတင် အာဏာတည်သည့် နေ့ရက်မှစ၍ ပေးသွင်းရမည်။
(ခ) နည်းဥပဒေ ၅၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)နှင့် (ဃ) တို့တွင် ပေးသွင်းရန် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထား များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် နေ့ရက်မှစ၍ ထည့်ဝင်ကြေးများကို ပေးသွင်းရမည်။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ အခန်း(၅)၊ပုဒ်မ ၅၇၊ ၅၈၊ ၅၉
အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများ
၅၇။ အလုပ်ရှင်သည် အာမခံထားသူများအား ဆေးကုသပေးရန်၊ အာမခံထားသူနှင့် ထိုသူသေဆုံးပြီးနောက် ကျန်ရစ်သော မှီခိုသူများအား ဥပဒေနှင့် အညီ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်များပေးရန်၊ ဥပဒေအရ ဆောင်ရွက်ရမည့် အခြားလုပ် ငန်းများအတွက် ကုန်ကျစရိတ်များကို ကျခံရန်နှင့် စီမံခန့်ခွဲမှုအတွက် ကုန်ကျသည့် စရိတ်များကို ကုန်ကျခံရန် အလိုငှာ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးများကို သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေး ရုံးများသို့ဖြစ်စေ၊ မြို့နယ်လူမှုဖူလုံရေးရုံးများက ဖွင့်လှစ်ထားသော ဘဏ်ငွေစာရင်း သို့ဖြစ်စေ လစဉ် ပေးသွင်းရမည်။
၅၈။ လူမှုဖူလုံရေးအဖွဲ့သည် လုပ်ငန်းဌာနများအား အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်နှင့် သက်ဆိုင်သည့် အလုပ်ရှင်ထည့်ဝင်ကြေးကို သတ်မှတ်ကောက်ခံနိုင်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) စတင်အကျုံးဝင် မှတ်ပုံတင်သော လုပ်ငန်းဌာနများကို အခြေခံ ထည့်ဝင်ကြေးနှုန်းအဖြစ် အာမခံထားသူက တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ၏ တစ် ရာခိုင်နှုန်း သတ်မှတ်ရမည်။
(ခ) နည်းဥပဒေခွဲ (က) ပါ လုပ်ငန်းဌာန၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခံစားသူ ဦးရေနှစ်ရပ် ပေါင်းသည် တစ်နှစ်အတွင်း အဆိုပါလုပ်ငန်းဌာနရှိ အာမခံထားသူ အလုပ်သမားဦးရေ၏ ငါး ရာခိုင်နှုန်းအောက် ဖြစ်ပေါ်ခဲ့ပါက အဆိုပါ လုပ်ငန်းဌာနကို နည်းဥပဒေခွဲ (က)ပါ နှုန်းအတိုင်း ဆက်လက် သတ်မှတ်ကောက်ခံရမည်။
(ဂ) နည်းဥပဒေခွဲ (က)နှင့် (ခ) ပါ လုပ်ငန်းဌာန၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် တစ်နှစ်အတွင်း အောက်ပါအတိုင်း ဖြစ်ပေါ် ခဲ့ပါက အဆိုပါ လုပ်ငန်းဌာနအား ထိုကဲ့သို့ ဆက်လက် မဖြစ်ပေါ်စေရန် သတိပေးအကြောင်းကြားရမည်-
(၁) အလုပ်သမားဦးရေ ၅၀ အောက်ရှိသော အလုပ်ဌာနသည် အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားသူ ဦးရေနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ခံစားသူဦးရေသည် နှစ်ဦးနှင့် အထက်ရှိခြင်း၊
(၂) အလုပ်သမားဦးရေ ၅၀ နှင့် အထက်ရှိသော အလုပ်ဌာနမှ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားသူ ဦးရေနှင့် ကျန်ရစ်သူအကိုးခံစားခွင့် ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် အာမခံထားသူ အလုပ်သမား ဦးရေ၏ ငါး ရာခိုင်နှုန်းနှင့် အထက်ရှိခြင်း။
(ဃ) နည်းဥပဒေခွဲ (ဂ) ပါ လုပ်ငန်းဌာန၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် နောကက်တစ်နှစ်တွင် နည်းဥပဒေခွဲ (ဂ) ပါ သတ်မှတ်ချက်ထက် ဆက်လက် ကျော်လွန်နေပါက အဆိုပါ လုပ်ငန်းဌာနအတွက် ထည့်ဝင်ကြေးကို အာမခံထားသူက တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ၏ ၁.၅ ရာခိုင်နှုန်းဖြင့် တိုးမြှင့် သတ်မှတ်ကောက်ခံရမည်။
(င) နည်းဥပဒေခွဲ (ဃ) ပါ ထည့်ဝင်ကြေး တိုးမြှင့်သတ်မှတ်ကောက်ခံနေသော လုပ်ငန်းဌာနများတွင် တစ်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် နည်းဥပဒေခွဲ (ဂ) ပါ သတ်မှတ် အရေအတွက်အောက် ပြန်လည် ရောက်ရှိပါက အဆိုပါ လုပ်ငန်းဌာနကို အာမခံထားသူက တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ၏ တစ် ရာခိုင်နှုန်းသို့ ပြန်လည်လျှော့ချ သတ်မှတ်ရမည်။
၅၉။ -
(က) အလုပ်ရှင်သည် နည်းဥပဒေ ၅၈၊ နည်းဥပဒေခွဲ (က) အရ ပေးသွင်းရန် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထားများကို ဥပဒေ စတင်အာဏာတည်သည့် နေ့ရက်မှ စ၍ ပေးသွင်းရမည်။
(ခ) မိမိဆန္ဒအလျောက် အာမခံထားရှိလိုသည့် အလုပ်ဌာနများသည် နည်းဥပဒေ ၅၈ ပါ ထည့်ဝင်ကြေး နှုန်းများအတိုင်း အလုပ်ရှင် ထည့်ဝင်ကြေးကို ပေးသွင်း၍အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ အခန်း(၅)၊ပုဒ်မ ၆၀
ထည့်ဝင်ကြေး သတ်မှတ်ရာတွင် ထည့်သွင်တွက်ချက်ရမည့် လုပ်ခဝင်ငွေများ
၆၀။ -
(က) ထည့်ဝင်ကြေး သတ်မှတ်ရာတွင် အာမခံထားသူ၏ တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ စုစုပေါင်းကို တည့်သွင်းတွက်ချက်ရမည်။ အဆိုပါ လုပ်ခဝင်ငွေသည် အနည်းဆုံး အခကြေးငွေ ဥပဒေအရ သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေနှုန်းများ သို့မဟုတ် ပြည်ထောင်စု အစိုးရကဖြစ်စေ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရက ဖြစ်စေ အခအားလျော်စွာ ဒေသအလိုက် ထုတ်ပြန်သော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်များအောက် မလျော့စေရ။ ထို့အပြင် ထည့်ဝင်ကြေးငွေ သတ်မှတ်ရန် အလို့ငှာ တစ်လအတွက် အများဆုံး လုပ်ခဝင်ငွေသည် အနည်းဆုံး အခကြေးငွေ ဥပဒေအရ သတ်မှတ်သည့် တစ်လအတွက် ရရှိသည့် အနည်းဆုံး အခကြေးငွေ၏ ခြောက်ဆ ထက်မ ကျော်စေရ။
(ခ) လုပ်ခ မရရှိသည့် အလုပ်သင်နှင့် ပညာသင်များအတွက် ထည့်ဝင်ကြေးငွေ ပေးဆောင်ရန် လုပ်ခဝင်ငွေအဖြစ် အနည်းဆုံး အခကြေးငွေ ဥပဒေအရ သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေနှုန်း သို့မဟုတ် ပြည်ထောင်စု အစိုးရကဖြစ်စေ၊ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရက ဖြစ်စေ အခါအားလျော်စွာ ထုတ်ပြန်သော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်များအတိုင်း သတ်မှတ်ရမည်။
(ဂ) နည်းဥပဒေ ၅၅ နှင့် ၅၈ တို့တွင် ဖော်ပြထားသည့် ထည့်ဝင်ကြေးငွေအတွက် အလုပ်သမား၏ တစ်လလုပ်ခ ဝင်ငွေကို သတ်မှတ်ရာတွင် သက်ဆိုင်ရာလုပ်ငန်း၏ သဘောသဘာဝအလျောက် စိုက်ထုတ်ကုန်ကျသည့် ငွေများနှင့် ခရီးစရိတ်များကို ပြန်လည် ထုတ်ပေးသည့် ငွေများမှ တစ်ပါး အလုပ်သမား၏ ဝင်ငွေအဖြစ် ဖော်ပြနိုင်သည့်ငွေ သို့မဟုတ် အကျိုးခံစားခွင့်များကို ထည့်သွင်းသတ်မှတ်ရမည်။ အဆိုပါ တစ်လလုပ်ခဝင်ငွေဆိုသည့် စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-
(၁) အခြေခံလစာ သို့မဟုတ် အခြေခံ အခကြေးငွေ၊
(၂) အပိုထောက်ပံ့ကြေး၊
(၃) အချိန်ပိုလုပ်ခ၊
(၄) အလုပ်ရှင်က အလုပ်သမားအား လစဉ် အပိုဆောင်းပေးသည့် အခြားအခကြေးငွေများ။
(ဃ) အလုပ်ရှင်သည် မိမိ အလုပ်သမားများအတွက် တည်ထောင်ထားသည့် ငွေစုငွေချေး ရန်ပုံငွေ၊ ပင်စင်ရန်ပုံငွေ သို့မဟုတ် အခြားရန်ပုံငွေ တစ်ရပ်ရပ်သို့ ထောက်ပံ့ကြေးပေးရလျှင် ဖြစ်စေ၊ ဆေးကုသရေး အစီမစဉ်များ စီမံထားရှိလျှင် ဖြစ်စေ၊ ဥပဒေအရ ပေးဆောင်ရန် တာဝန်ရှိသော ထည့်ဝင်ကြေးငွေများမှ အဆိုပါ ထောက်ပံ့ကြေးများ၊ စရိတ်များကို နုတ်ယူနိုင်ခွင့်မရှိစေရ။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ အခန်း(၅)၊ပုဒ်မ ၆၁
ထည့်ဝင်ကြေး သတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်း မပြုရမည့် ဝင်ငွေများ
၆၁။ အလုပ်ရှင်သည်-
(က) အာမခံထားသူ ခံစားခွင့်ရှိသော မကျန်းမာမှု အကျိုးခံစားခွင့်၊ မီးဖွာမှု အကျိုးခံစားခွင့်၊ ယာယီ မသန်စွမ်းမှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် စသည့် ငွေကြေးအကျိုးခံစားခွင့် များကို တည့်ဝင်ကြေး သတ်မှတ်ရန် အလို့ငှာ လုပ်ခဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်ခြင်း မပြုရ။
(ခ) အာမခံထားသူအား နည်းဥပဒေခွဲ (က) ပါ အကျိုးခံစားခွင့် ရရှိသည့် ကာလအတွက် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ် စေ၊ အလုပ်ခန့်ထားမှု သဘောတူညီချက်အရဖြစ်စေ အလုပ်ရှင်က ပေးသည့်ငွေများကို ထည့်ဝင်ကြေးသတ်မှတ်ရန်အလို့ ငှာ လုပ်ခဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်ခြင်း မပြုရ။
(ဂ) အာမခံထားသူသို့ပေးသော လုပ်သက်ဆုကြေးငွေများ၊ နှစ်စဉ်ပေးသော ဆုကြေးငွေများ၊ ဘာသာရေး လူမှုရေးပွဲတော် များအတွက် ပေးသော ထောက်ပံ့ကြေးများ၊ အလုပ်ထုတ် နစ်နာကြေးများကို ထည့်ဝင်ကြေး သတ်မှတ်ရန်အလို့ငှာ လုပ်ခဝင်ငွေအဖြစ် ထည့်သွင်း တွက်ချက်ခြင်း မပြုရ။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ အခန်း(၅)၊ပုဒ်မ ၆၂
ထည့်ဝင်ကြေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်း
၆၂။ (က) မြို့နယ်လူမှုဖူလုံရေးသည် နည်းဥပဒေ ၅၈ နှင့် အညီလုပ်ငန်းဌာနများအား အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှင့် သက်ဆိုင်သည့် အလုပ်ရှငိ ထည့်ဝင်ကြေးကို ပြင်ဆင်သတ်မှတ် ကောက်ခံနိုင်ရေးအတွက် အချက်အလက် အထောက်အထားနှင့်တကွ လူမှုဖူလုံရေး ရုံးချုပ်သို့ နှစ်စဉ်ဇန်နဝါရီလတွင် တင်ပြရမည်။
(ခ) လူမှုဖူလုံရေးရုံးချုပ်သည် နည်းဥပဒေ ၅၈ နှင့် အညီလုပ်ငန်းဌာနများအား အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှင့် သက်ဆိုင်သည့်အလုပ်ရှင် ထည့်ဝင်ကြေးကို ပြင်ဆင်သတ်မှတ် ကောက်ခံနိုင်ရေးအတွက် လူမှုဖူလုံရေး အဖွဲ့အစည်းသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။ ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးသို့ အကြောင်း ကြားရမည်။
(ဂ) မြို့နယ်လူမှုဖူလုံရေးရုံးသည် လုပ်ငန်းဌာနများအား အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှင့် သက်ဆိုင် သည့် အလုပ်ရှင်ထည့်ဝင်ကြေး ပြင်ဆင် သတ်မှတ်သည့် ကိစ္စကို သက်ဆိုင်ရာ လုပ်ငန်းဌာနသို့ နှစ်လ ကြိုတင်၍ အသိပေး အကြောင်းကြားရမည်။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ အခန်း(၅)၊ပုဒ်မ ၆၃၊၆၄၊၆၅၊၆၆
ထည့်ဝင်ကြေးငွေများ ပေးသွင်းခြင်း
၆၃။ ပြက္ခဒိန်လသည် ထည့်ဝင်ကြေးငွေအတွက် လစဉ် လုပ်ခဝင်ငွေသတ်မှတ်ရာတွင် အခြေခံ ကာလအပိုင်းအခြား ဖြစ်သည်။
၆၄။ အလုပ်ရှင်သည်-
(က) ပြက္ခဒိန်လ အတွင်း အာမခံထားသူက အခကြေးငွေဖြင့် အနည်းဆုံး တစ်ရက်မျှ အလုပ်လုပ်ကိုင်ခဲ့လျှင် ယင်းအာမခံ ထားသူအတွက် ထည့်ဝင်ကြေးငွေကို ပေးသွင်းရမည်။
(ခ) အာမခံထားသူ၏ တစ်လအတွင်း ရရှိသော လုပ်ခဝင်ငွေအပေါ် အခြေပြု၍ နည်းဥပဒေ ၅၅တွင် သတ်မှတ်ထားသော ထည့်ဝင်ကြေးနှုန်းများအရ အာမခံထားသူက ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေကို ထိုသူ၏ လုပ်ခဝင်ငွေမှ နုတ်ယူပြီး နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ မိမိက ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေများနှင့်အတူ သက်ဆိုင်ရာလ ကုန်ဆုံးပြီးနောက် လဆန်း ၁၅ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ဖြစ်စေ၊ မြို့နယ်လူမှုဖူလုံရေးရုံးက ဖွင့်လှစ်ထားသော ဘဏ်ငွေစာရင်းသို့ ဖြစ်စေ လစဉ်ပေးသွင်းရမည်။
(ဂ) အာမခံထားသူက နည်းဥပဒေ ၅၅ တွင် သတ်မှတ်ထားသော လူမှုဖူလုံရေး ရန်ပုံငွေသို့ ပေးသွင်းရမည့်ထည့်ဝင်ကြေး ငွေထက်ပိုမို၍ ထိုသူ၏ လုပ်ခဝင်ငွေမှ ဖြတ်တောက်ခြင်းမပြုရ။
(ဃ) လူမှုဖူလုံရေးရုံး၏ ငွေစာရင်းသို့ ထည့်ဝင်ကြေးငွေပေးသွင်းရာတွင် လိုအပ်သော စာရင်းဇယားများကိုပါ တင်ပြရမည်။
၆၅။ (က) အလုပ်ရှင်သည်-
(၁) နည်းဥပဒေ ၅၅ နှင့် ၅၈ တို့ပါ ထည့်ဝင်ကြေးများကို နည်းဥပဒေ ၆၄၊ နည်းဥပဒေခွဲ (ခ)ပါ သတ်မှတ်ကာလအတွင်း ပေးသွင်းရဣ် ပျက်ကွက်လျှင် ထည့်ဝင်ကြေးအပြင် ပျက်ကွက်ကြေး အဖြစ် ပျက်ကွက်သည့်ရက် အသီးသီအတွက် တစ်လလျှင် ထည့်ဝင်ကြေး၏ ၁၀ ရာခိုင်နှုန်းကို ထပ်ဆောင်းပေးသွင်းရမည်။ ထို့ပြင် ထည့်ဝင်ကြေး ပေးသွင်းရန် ဆက်လက်၍ ပျက်ကွက်နေလျှင် ပျက်ကွက်သည့်ရက် အသီးသီးအတွက် ဖော်ပြပါ ပျက်ကွက်ကြေးကို ထပ်ဆောင်းပေး သွင်းရမည်။
(၂) အလုပ်သမား၏ လုပ်ခကို လျှော့ပြပြီး ပေးသွင်းရမည့် ထည့်ဝင်ကြေးကို လျှော့၍ ပေးသွင်းလျှင် သော်လည်းကောင်း၊ အလုပ်သမား ဦးရေကို ထိမ်ချန်၍ ထည့်ဝင်ကြေး ပေးသွင်းလျှင်သော်လည်းကောင်း၊ အလုပ်သမား၏ လုပ်ခထဲမှ နုတ်ယူထားသည့် ထည့်ဝင်ကြေးကို ပေးသွင်းရန် ပျက်ကွက်လျှင် သော်လည်းကောင်း၊ နည်းဥပဒေခွဲငယ် (၁) တွင် ပြဌာန်းထားသည့်အတိုင်း ပျက်ကွက်သည့် လအတွက် လျော့နည်းသည့်ထည့်ဝင်ကြေး သို့မဟုတ် နုတ်ယူထားသည့် ထည့်ဝင်ကြေးတို့အပြင် ပျက်ကွက်ကြေးအဖြစ် လျော့နည်း၍ ပေးသွားထားသည့် ထည့်ဝင်ကြေးအပေါ် တစ်လလျှင် ၁၀ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံး၏ ငွေစာရင်းသို့ ပေးသွင်းရမည်။ ထို့သို့ပေးသွင်းရန် ဆက်လက်၍ ပျက်ကွက်နေလျှင် ပျက်ကွက်သည့်ရက် အသီးသီးအတွက် ဖော်ပြပါ ပျက်ကွက်ကြေးကို ထပ်ဆောင်းပေးသွင်းရမည်။
(ခ) သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသည် အလုပ်ရှင်က နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ ပေးသွင်း ရန်ရှိသော ထည့်ဝင်ကြေးကို နည်းဥပဒေ ၆၄၊ နည်းဥပဒေခွဲ (ခ)နှင့် အညီ ပေးသွင်းခြင်းမပြုပါက အဆိုပါထည့်ဝင်ကြေးနှင့် ပျက်ကွက်ကြေးတို့ကို ဖော်ပြ၍ သတ်မှတ်သည့် နေ့ရက်အတွင်း ပေးသွင်းရန် သက်ဆိုင်ရာ အလုပ်ရှင်ထံသို့ အကြောင်း ကြားရမည်။
၆၆။ အလုပ်ရှင်သည်-
(က) နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ ထည့်ဝင်ကြေးများ ပေးသွင်းရာတွင် သတ်မှတ်ထားသော ထည့်ဝင်ကြေး စာရင်း (ပုံစံ-၁၃) တွင် အာမခံထားသူ အားလုံးအတွက် ပြည့်စုံစွာ ဖြည့်စွက်ရေးသား၍ မှန်ကန်ကြောင်း တာဝန်ယူ လက်မှတ်ရေးထိုး လျက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ ပေးပို့ရမည်။
(ခ) နည်းဥပဒေခွဲ (က) ပါ ထည့်ဝင်ကြေးစာရင်းကို မိမိ၏ လုပ်ငန်းဌာနရှိ အလုပ်သမားများ မြင်သာသောနေရာတွင် လစဉ် ကပ်ထားရမည်။
၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေး နည်းဥပဒေ၊ ပုဒ်မ ၁၈၀
အာမခံထားသူသည်-
(က) အလုပ်တွင် ထိခိုက်မှုကြောင့် မိမိ၏အလုပ်ကို မလုပ်နိုင်လျှင် ဆေးသက်သေခံ လက်မှတ်အရ အနည်းဆုံးတစ်ရက် မှ အများဆုံး ၁၂ လ အထိ
ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။
(ခ) အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးပါက ထည့်ဝင်ကြေးကာလ အပိုင်းအခြား သတ်မှတ်ချက်မရှိဘဲ ခံစားခွင့်ရှိသည်။