ခွင့်ရက်နှင့် အလုပ်ပိတ်ရက်
၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀
အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်
(၁) နေ့ သို့တည်းမဟုတ် ရက် ဆိုသည်မှာ ညဥ့်သန်းခေါင်ချိန်မှစ၍ ရေတွက်သည့် နှစ်ဆယ့်လေးနာရီကာလအပိုင်းအခြားကို ဆိုလိုသည်။
(၂) ခွင့်ရက် ဆိုရာတွင် လုပ်သက်ခွင့်ရက်၊ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက်တို့ကို ဆိုလိုသည်။
(၃) လုပ်သက်ခွင့်ရက် ဆိုသည်မှာ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊ တာဝန်ဝတ္တရားဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုလိုသည်။
(၄) အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမားနှင့် အမြဲတမ်းအလုပ်သမား အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းအတွက်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုးအားထားပြုလုပ်ကိုင်နေသူကို ဆိုလိုသည်။ သို့ရာတွင် အောက်ပါတို့မပါဝင်ချေ -
(က) ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း သို့မဟုတ် ကိုယ်ပိုင်အလုပ်ဌာနလုပ်နေသည့် အလုပ်ရှင်ဖြစ်လျှင် ထိုအလုပ်ရှင်၏ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို (အရင်း)၊ ညီအစ်မ (အရင်း) နှင့် မောင်နှမအရင်းများ
(ခ) အလုပ်ကဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းကဖြစ်စေ သို့မဟုတ် စီးပွားရေးလုပ်ငန်းကဖြစ်စေ၊ အလုပ်ဌာနကဖြစ်စေ ရရှိသော အမြတ်အစွန်းထဲမှ အခကြေးငွေကို မိမိ၏ဝေစုအဖြစ်ဖြင့် ရရှိသူများ
(ဂ) ထမင်းချက်၊ အိမ်သန့်ရှင်းရေး၊ ကလေးထိန်းနှင့် အစောင့်
(ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အကြောင်းအားလျော်စွာ အခကြေးငွေနှင့်သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း ပေးရန် ပြဌာန်းထားသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များရရှိသော နိုင်ငံ့ဝန်ထမ်းများ
(၅) အလုပ်ရှင် ဆိုရာတွင် ကျနစွာဖွဲ့စည်းသည့် သို့တည်းမဟုတ် မဖွဲ့စည်းသည့် ပုဂ္ဂိုလ်တစ်စုနှင့် အလုပ်ရှင်၏ အုပ်ချုပ်မှုကိုယ်စားလှယ် ပါဝင်သည့်အပြင် ကွယ်လွန်သူ အလုပ်ရှင်၏ တရားဝင် ကိုယ်စားလှယ်လည်း ပါဝင်သည်။
(၆) လစာငွေ ဆိုသည်မှာ အခြေခံလစာငွေကို ဆိုလိုသည်။ ရှားပါးစရိတ်ရှိလျှင် အခြေခံလစာငွေနှင့် ရှားပါးစရိတ် နှစ်ရပ်ပေါင်းကို ဆိုလိုသည်။
(၇) မှတ်ပုံတင်ဆရာဝန် ဆိုသည်မှာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံတင်စာရင်းထားရှိရေးအတွက် ပြဌာန်းသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ မှတ်ပုံတင်ထားသူကို ဆိုလိုသည့်အပြင် ထိုကဲ့သို့ မှတ်ပုံတင်ဆရာဝန်မရှိသည့် အရပ်ဒေသတစ်ခုခုအတွက် ဤအက်ဥပဒေအလို့ငှာ မှတ်ပုံတင်ဆရာဝန်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် ပြဌာန်းသည်လည်း ထိုစကားရပ်တွင် ပါဝင်သည်။
(၈) အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက် တို့ကို ဆိုသည်။
(၉) အခကြေးငွေ ဆိုသည်မှာ အခကြေးငွေပေးချေရေးအက်ဥပဒေ၊ ပုဒ်မ ၂(၆) တွင် အဓိပ္ပါယ်ဖော်ပြထားသည့် အခကြေးငွေကို ဆိုလိုသည်။
(က) ဥပဒေ ဆိုသည်မှာ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ကိုဆိုလိုသည်။
(ခ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဥပဒေပုဒ်မ ၁၂ အရ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
(ဂ) စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
(ဃ) ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။
(င) ရက်သတ္တပတ် ဆိုသည်မှာ စနေနေ့ညဥ့်သန်းခေါင်းအချိန်မှ စတင်ရေတွက်သော တစ်ဆက်တည်း ခုနှစ်ရက်ကာလအပိုင်းအခြားကို ဆိုသည်။
(စ) သက်ဆိုင်ရာနှစ် ဆိုသည်မှာ ဥပဒေအရ အလုပ်သမားရထိုက်ခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ရှိသည့်နှစ်ကို ဆိုသည်။
(ဆ) ရှောင်တခင်ခွင့်ရက် ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။
(ဇ) ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။
(ဈ) မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားပြီးချိန် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ ယင်းစကားရပ် တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။
(ည) ရက်သတ္တပတ်အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ရက်အနားပေးသည့်ရက်ကို ဆိုသည်။
(ဋ) အများပြည်သူအလုပ်ပိတ်ရက် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုသည်။
(ဌ) ခွင့်မှတ်တမ်း ဆိုသည်မှာ ခံစားခွင့်ပေးသော ခွင့်အမျိုးအစားအလိုက် ထားရှိရမည့် မှတ်တမ်းကို ဆိုသည်။
(ဍ) သတ်မှတ်အလုပ်ချိန် ဆိုသည်မှာ လုပ်ငန်းအလိုက်သက်ဆိုင်သည့် အလုပ်သမားဥပဒေက အလုပ်သမားအမျိုးအစားအလိုက် ခွင့်ပြုထားသည့် တစ်ရက်ခွင့်ပြု အလုပ်ချိန်၊ ရက်သတ္တပတ်ခွင့်ပြု အလုပ်ချိန်တို့ကို ဆိုသည်။
(ဎ) အခြေခံလစာငွေ ဆိုသည်မှာ ပြက္ခဒိန်လတစ်လတွင် လုပ်ကိုင်ရသည့် အလုပ်တာဝန်နှင့်အညီ ရရှိမည့်လစာငွေကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများ စသည့် မည်သည့်စရိတ်မျှ မပါဝင်ပေ။
(ဏ) သက်ဆိုင်ရာရာအခကြေးငွေ ဆိုသည်မှာ အလုပ်သမားလုပ်ရမည့် အလုပ်တာဝန်နှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်ကြိုတင် သဘောတူညီထားသော နာရီအလိုက်ရရှိသည့် အခကြေးငွေ သို့မဟုတ် တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် ရရှိသည့်နေ့စားခနှုန်း သို့မဟုတ် ထုတ်လုပ်မှုအရေအတွက်နှင့် ဝန်ဆောင်မှုပမာဏပေါ် မူတည်၍ ရရှိသည့် ပုတ်ပြတ်လုပ်ခတို့ကိုဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများ စသည့် မည်သည့်စရိတ်မျှ မပါဝင်ပေ။
(တ) နေ့စားအလုပ်သမား ဆိုသည်မှာ တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် အလုပ်လုပ်ကိုင်ရပြီး ထိုနေ့အတွက် လုပ်ခကို အလုပ်ရှင်နှင့် သဘောတူညီထားသည့်နှုန်းဖြင့် ရရှိသည့် အလုပ်သမားကိုဆိုသည်။
(ထ) လစားအလုပ်သမား ဆိုသည်မှာ ပြက္ခဒိန်လတစ်လအတွက် ပုံသေလစာသတ်မှတ် လုပ်ကိုင်သည့် အလုပ်သမားကို ဆိုသည်။
(ဒ) ပုတ်ပြတ်အလုပ်သမား ဆိုသည်မှာ ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှု ပမာဏပေါ်မူတည်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားသည့် အခကြေးငွေနှုန်းဖြင့် လုပ်ကိုင်ရသည့် အလုပ်သမားကို ဆိုသည်။
(ဓ) လုံခြုံရေးဝန်ထမ်း ဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနနှင့် လုပ်ငန်းများရှိ အစောင့်လုံခြုံရေးဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဥပေဒပါကိစ္စများ အလို့ငှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နေအိမ်အစောင့်လုံခြုံရေးဝန်ထမ်းများ မပါဝင်။
(န) ပုံစံ ဆိုသည်မှာ ဤနည်းဥပေဒများတွင် သတ်မှတ်ထားသော ပုံစံကိုဆိုသည်။
အလုပ်သမားသည် သက်ဆိုင်ရာ ဥပဒေအရ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ်အလုပ်ပိတ်ရက် အနည်းဆုံးတစ်ရက်ကို သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။
ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့် ရက်များလည်း ပါဝင်သည်။