လုပ်သက်ခွင့်ရက်
၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၃၀
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်
အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၄ (၁)
အလုပ်ရှင်သည် မိမိ၏ အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမားအသီးသီးအား နောက်လာမည့် ဆယ့်နှစ်လအတွင်းတွင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက် တစ်ဆက်တည်း ခွင့်ပြုရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၄ (၂)
အလုပ်သမားသည် တစ်လလျှင် အနည်းဆုံး ရက်နှစ်ဆယ် အလုပ်လုပ်ခဲ့သူလည်းဖြစ်၍ အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ပြီးသည်လည်းဖြစ်လျှင် လုပ်သက်ခွင့်ကို ခွင့်ပြုရမည်။ သို့ရာတွင် အလုပ်သမားသည် ရက်နှစ်ဆယ်ပြည့်အောင်မလုပ်ခဲ့သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်ရက်မှ တစ်ရက်ကျစီ အဖြတ်ခံရမည်။
ရှင်းလင်းချက်။ ။ အလုပ်သမားသည် ဆယ့်နှစ်လအတွင်း မကျန်းမာသောကြောင့်ဖြစ်စေ၊ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ဤဥပဒေက ခွင့်ပြုသော အခြားပျက်ကွက်မှုကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှု သုံးမျိုးပေါင်းသည် ရက်ကိုးဆယ်ထက်မကျော်လွန်စေဘဲ) အလုပ်ပျက်ကွက်စေကာမူ သို့တည်းမဟုတ် အလုပ်ရှင်က အလုပ်ပိတ်ထားခြင်းကြောင့်ဖြစ်စေ၊ ဥပဒေနှင့် မညီသည်လည်းမဟုတ်သော သပိတ်မှောက်ခြင်းကြောင့်ဖြစ်စေ၊ မိမိအလိုအတိုင်းမဟုတ်ဘဲ ရံဖန်ရံခါ အလုပ်မရှိခြင်းကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှု သုံးမျိုးစုစုပေါင်းသည် ရက်သုံးဆယ်ထက်မကျော်လွန်စေဘဲ) ပျက်ကွက်စေကာမူ ထိုအလုပ်သမားသည် မိမိအလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် အလုပ်ခဲ့သူဟု မှတ်ယူရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၄ (၃)
အလုပ်ရှင်သည် မိမိအလုပ်သမားအား လုပ်သက်ခွင့်ရက်ယူနိုင်စေရန် ထိုသူ၏ လုပ်သက်ခွင့်နှင့်သက်ဆိုင်သည့် တစ်ဆက်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အချိန်ကိုသတ်မှတ်ပေးရမည်။ သို့ရာတွင် သက်ဆိုင်ရာ အလုပ်သမားနှင့် အလုပ်ရှင်အချင်းချင်း သဘောတူညီလျှင် သုံးနှစ်ထက်မပိုသောကာလ အပိုင်းအခြားအတွက် လုပ်သက်ခွင့်ရက်ကို စုပေါင်း၍ မည်သည့်အချိန်တွင်မဆို ပေးနိုင်သည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၄ (၄)
လုပ်သက်ခွင့်ရက်ရသည့် အလုပ်သမားအားခွင့်ပြုသည့် လုပ်သက်ခွင့်ရက်ကာလအပိုင်းအခြားအတွက် သက်ဆိုင်ရာရာအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ လုပ်သက်ခွင့်ရက်ကာလ မစမီ ထုတ်ပေးရမည်။ အဆိုပါ အခကြေးငွေကို ဖြစ်စေ၊ လစာငွေကိုဖြစ်စေ ထုတ်ပေးမဲအရပ်၌ အလုပ်သမားအားသော်လည်းကောင်း၊ အလုပ်သမားက လွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်လည်းကောင်း ထုတ်ပေးရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ပုဒ်မ - ၄ (၅)
လုပ်သက်ခွင့်ရထိုက်သည့် အလုပ်သမားတိုင်းသည် မိမိရထိုက်သည့် သို့တည်းမဟုတ် စုထားသည့် ခွင့်ရက်များကို မယူသေးမီ အလုပ်မှ နှုတ်ထွက်လျှင် သို့တည်းမဟုတ် အလုပ်ရှင်၏ အလုပ်မှထုတ်ပစ်ခြင်းခံရလျှင် သို့တည်းမဟုတ် သေဆုံးလျှင် ထိုအလုပ်သမားအား ဖြစ်စေ၊ ထိုအလုပ်သမား၏ တရားဝင်ကိုယ်စားလှယ်အားဖြစ်စေ၊ လုပ်သက်ခွင့်ရက်အစား ထိုအလုပ်သမားအလုပ်မှမထွက်မီ သို့တည်းမဟုတ် ထုတ်ပစ်ခြင်းမခံရမီ သို့တည်းမဟုတ် မသေဆုံးမီ တစ်ဆက်တည်းဖြစ်သော လွန်ခဲ့သည့်ရက်ပေါင်း သုံးဆယ်အတွင်း လုပ်ခဲ့သည့်ရက်များအတွက် သက်ဆိုင်ရာ အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ အခကြေးငွေ၏ သို့တည်းမဟုတ် လစာငွေ၏ ပျမ်းမျှနေ့စဥ်နှုန်းထားနှင့် ညီမျှသည့်နှုန်းအတိုင်း တွက်စစ်၍ အလုပ်ရှင်ကပေးရမည်။
(အလုပ်မှနှုတ်ထွက်သည့် သို့တည်းမဟုတ် အလုပ်မှထုတ်ပစ်ခြင်းခံရသည့် အလုပ်သမားဖြစ်လျှင် ထိုသို့ပေးရမည့်ငွေကို နှုတ်ထွက်သည့် သို့တည်းမဟုတ် အလုပ်မှထုတ်ပစ်ခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်သည့် ဒုတိယနေ့မကုန်ဆုံးမီ ထုတ်ပေးရမည်။ သေဆုံးသည့် အလုပ်သမားဖြစ်လျှင် ထိုသို့ပေးရမည့်ငွေကို တောင်းဆိုပြီးနောက် ဆောနိုင်သမျှဆောလျင်စွာ ထုတ်ပေးရမည်။)
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၄
လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ်နှစ်လပြည့်အောင် လုပ်ကိုင်ရခြင်းမရှိသည့် လုပ်ငန်းတစ်ခုခုတွင် လုပ်သက်ခွင့်ရက်ကို အချိုးကျခံစားနိုင်သည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၅
လုပ်သက်ခွင့်ရက်တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များကို တရားဝင် အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၆
အလုပ်သမားသည် လုပ်သက်ခွင့်ရက် တစ်ဆက်တည်း တစ်ဆယ်ရက် ခံစားနေသည့် ကာလအတွင်း ကျရောက်သည့် အလုပ်ပိတ်ရက်များကို လုပ်သက်ခွင့်ရက်၌ ထည့်သွင်းတွက်ချက်ရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၇
အလုပ်ရှင်သည် မိမိ၏ အလုပ်သမားများ လုပ်သက်ခွင့်ရက် ယူနိုင်စေရန် ထိုသူတို့၏ လုပ်သက်ခွင့်ရက်နှင့် သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာပေးရမည့်အပြင် ထိုစာရင်းပါ မည်သည့်နေ့မှ မည်သည့်နေ့အတွင်း အလုပ်သမားတစ်ဦးစီခံစားရမည့် လုပ်သက်ခွင့်ရက်များစာရင်းကို ထုတ်ပြန်ကြေညာပြီး လုပ်ငန်းခွင်၌ အများမြင်သာသောနေရာတွင် ကပ်ထားရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၈ (က) (ခ)
လစားအလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှလစာငွေကို လုပ်သက်ခွင့်ရက် စတင်ခံစားသည့်နေ့မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် ၃၀အတွင်း ရရှိသည့် လစာငွေကို အမှန်တကယ် အလုပ်လုပ်ရက်ဖြင့် စား၍ရသော တစ်ရက်ပျှမ်းမျှလစာငွေဖြင့် ခံစားခွင့်ပြုရမည်။
နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှအခကြေးငွေကို လုပ်သက်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် (၃၀)အတွင်း ရရှိခဲ့သည့် လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရသော ပျမ်းမျှလစာနှုန်းဖြင့် ခံစားခွင့် ပြုရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၃၉
လုပ်သက်ခွင့်ရက်ခံစားသူများအား ခွင့်ရက်ကာလမစမီ လုပ်သက်ခွင့်ရက်အတွက် လစာ သို့မဟုတ် အခကြေးငွေကို ကြိုတင်ထုတ်ပေးရမည့်အပြင် ထိုသို့ ထုတ်ပေးမည်ဖြစ်ကြောင်းကို အလုပ်သမားများအား အသိပေးထားရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၄၀
အလုပ်သမားသည် အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာပေးပို့၍ မိမိဆန္ဒအရ အလုပ်မှ နုတ်ထွက်ပါက မိမိရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကာလအတွက် ငွေကြေးခံစားခွင့်ကို အလုပ်ရှင်ထံ တင်ပြတောင်းဆိုနိုင်သည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် - ၄၁
အလုပ်ရှင်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ လုပ်ငန်းသဘာဝအရ သတ်မှတ်ထားသည့် လုပ်ငန်းခွင်စည်ကမ်းအရဖြစ်စေ အလုပ်ရပ်စဲခံရသော အလုပ်သမား၏ လုပ်သက်ခွင့်ကာလအတွက် ရထိုက်ခွင့်ရှိသော ငွေကြေးခံစားခွင့်ကို ထုတ်ပေးရမည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်၊ အပိုဒ် ၇(ဂ)(၂)
လုပ်သက်ခွင့်။ ။ လုပ်သက် ၁၂ လ တစ်ဆက်တည်းပြည့်ပြီး လစဥ်အနည်းဆုံးအလုပ်ဆင်းရက် ၂၀ ရက်ရှိပါက အခြေခံလုပ်ခလစာ သို့မဟုတ် မည်သည့် စရိတ်မျှမပါသည့် အခြေခံနေ့တွက်နှုန်းဖြင့် တစ်နှစ်လျှင် တစ်ဆယ်ရက် တစ်ဆက်တည်းခံစားခွင့်ရှိသည်။ သို့ရာတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်ဖြင့် လုပ်သက်ခွင့်ရက် တစ်ဆယ်ရက်ကို ခွဲ၍ ခံစားခွင့်ပြုနိုင်သည်။ ၂၀ ရက်အပြည့်မလုပ်ခဲ့သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်ရက်မှ ခွင့်တစ်ရက်ကျစီ အဖြတ်ခံရမည်။